01 January 2013

၂၀၁၃ခုနှစ် နွေရာသီအတွင်း လျှပ်စစ် မီးဖြတ်တောက်မည်

၀၁/ဇန်နဝါရီ/၂၀၁၃

မြန်မာနိုင်ငံတ၀န်းရှိ စက်မှုလုပ်ငန်းများအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ မီးဖြတ်တောက်ခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး လူနေရပ်ကွက်များအတွင်းရှိ စက်မှုလုပ်ငန်းငယ်များ၊ အစိုးရစက်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များအား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ လျပ်စစ်မီး စတင်ဖြတ် တောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောပါသည်။

ယင်းအပြင် ၂၀၁၃ ခုနှစ် နွေရာသီကာလအတွင်း လျပ်စစ်ဓာတ်အား လိုအပ်ချက်အား ဖြည့်တင်းနိုင်ရန် စက်မှုလက်မှုလုပ်ငန်းများ မရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ငယ်များအား နေ့ဘက်တွင် ဓာတ်အားပိတ်၍ ညနေ ၅ နာရီမှ ၁၁ နာရီအထိ ဦးစားပေး ဓာတ်အားပေးသွားမည်ဖြစ်ကာ တစ်ရက်လျင် ဓာတ်အားရရှိမည့် ကာလမှာ ၆ နာရီသာ ကြာမြင့်မည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။

အဆိုပါ ပြောကြားချက်အား လျပ်စစ်စွမ်းအား ၀န်ကြီးဋ္ဌာန၊ ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့နှင့် သတင်းမီဒီယာများ တွေ့ဆုံခဲ့သည့် ဒီဇင်ဘာလ ၃၀ရက်နေ့က ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
လျပ်စစ်ဓာတ်အား ဖြတ်တောက်ရာတွင် လူနေရပ်ကွက်များအတွင်းရှိ စက်မှုလုပ်ငန်းငယ်များ၊ အစိုးရ စက်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များအား ညနေ ၄ နာရီမှ ည ၁၁ နာရီ အထိ တစ်ရက်လျင် ၇ နာရီကြာ စတင်ဖြတ်တောက်သွားမည် ဖြစ်ကြောင်း ယင်းက ပြောကြားခဲ့ပါသည်။

၂၀၁၃ ခုနှစ် နွေရာသီအတွင်း မြန်မာနိုင်ငံတ၀န်း လျပ်စစ်ဓာတ်အား လိုအပ်ချက်မှာ ၂၀၆၀ မဂ္ဂါ ၀ပ်ဖြစ်ပြီး လက်ရှိ ထုတ်လုပ်ရရှိနိုင်သည့် မဂ္ဂါဝပ် စုစုပေါင်းမှာ ၁၅၅၁ မဂ္ဂါဝပ်သာ ဖြစ်သဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ ဓာတ်အားလိုအပ်ချက်၏ ၇၅ ရာခိုင်နှုန်းသာ ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

''အခုလကစပြီး နိုင်ငံတ၀န်းမှာ ရှိနေတဲ့ လျပ်စစ်အသုံးပြု စက်မှုလုပ်ငန်းတွေကို မီးဖြတ်ခဲ့တာပါ။ ရန်ကုန်မြို့ကိုတော့ လာမယ့် ဇန်န၀ါရီလကစပြီး ဖြတ်တောက်မှာပါ။ ဒီလို ဖြတ်တောက်တဲ့အခါမှာ လူနေရပ် ကွက်တွေကို မထိခိုက်နိုင်ပါဘူး။ လက်ရှိရန်ကုန်မြို့ရဲ့ လျပ်စစ်ဓာတ်အား သုံးစွဲမှုက မဂ္ဂါဝပ် ၁၀၀၀ နီးပါး ရှိနေတော့ လိုအပ်လာရင် စက်မှုဇုန် တွေကိုပဲ ဆက်လက်မီးဖြတ်တောက်ပါမယ်'' ဟု ယင်းက ပြောကြားခဲ့ ပါသည်။

၂၀၁၃ ခုနှစ် နွေရာသီကာလ အတွင်း လက်ရှိလိုအပ်ချက်ဖြစ်သည့် လျပ်စစ်ဓာတ်အား ၅၀၉ မဂ္ဂါ ၀ပ်အား ဖြည့်ဆည်းနိုင်ရန် သောက်ရေခပ်-၂၊ လှော်ကား၊ ရွာမ၊ သာကေတ၊ အလုံ စသည့် ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းများမှ ၃၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

ကျန်လိုအပ်သည့် ဓာတ်အား ပမာဏဖြစ်သည့် ၂၁၉ မဂ္ဂါဝပ်အား ဖြည့်တင်းနိုင်ရန် စက်မှုဇုန်များအား အချိန်ပိုင်း ဓာတ်အားလျော့ခြင်း၊ အစိုးရပိုင်စက်ရုံများ၊ မြစ်ရေတင်များအား ဓာတ်အား အသုံးများသည့် အချိန် ညနေ ၅ နာရီမှ ၁၁ နာရီအထိ ဓာတ်အားပိတ်ခြင်း၊ စက်မှုလက်မှုလုပ်ငန်းများ မရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ငယ်များအား နေ့ဘက်တွင် ဓာတ်အားပိတ်ခြင်း၊ မြို့ကြီးအချို့တွင် ၁ မဂ္ဂါဝပ်မီးစက်များ အသုံးပြု၍ ဓာတ်အားဖြည့်တင်း ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံအတွင်း လျပ်စစ်ဓာတ်အား မလုံလောက်မှု ပြသနာကြောင့် ၂၀၁၂ ခုနှစ် နွေရာသီကာလတွင်
 မြန်မာနိုင်ငံတ၀န်းရှိ မြို့ကြီး အချို့၌ လျပ်စစ်မီးရရှိရေး ဖယောင်းတိုင်ကိုင် ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွား
ခဲ့ကြောင်းလည်း သိရှိရပါသည်။

0 comments:

Post a Comment